Friday, January 11, 2008

ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖဆက်ဆံရေးဝန်ကြီး ထပ်မံတွေ့ဆုံ


NEJ/ ၁၁ ဇန်န၀ါရီ ၂၀၀၈
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့သည် အစိုးရဧည့်ဂေဟာတွင် ယနေ့ တနာရီကြာတွေ့ဆုံကြောင်း ရန်ကုန်မှ လာသော ဧဂျင်စီသတင်းများတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အား အာဏာပိုင်များက ယနေ့ မွန်းလွဲ (၁) နာရီတွင် သူမ၏ နေအိမ်မှ ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေများကို ကိုကား၍ သတင်းများတွင်ဖော်ပြသည်။

အန်အယ်လ်ဒီ အတွင်းရေးမှူးဖြစ်သူ ဦးလွင်က ယခုတွေ့ဆုံမှုသည် သိပ်မထူးဆန်းကြောင်း၊ ဦးအောင်ကြည်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ တင်ပြပြောဆိုချက်များအပေါ် တစုံတရာ ပြန်လည်ဖြေကြားနိုင်မည့်အဆင့်မျိုးမရှိကြောင်း ပြောကြားသည်။
၎င်းက “သူက ဆုံးဖြတ်ချက်ပေးနိုင်တဲ့လူမဟုတ်ဘူး။ အန်ကယ်လ်တို့ အတွေ့အကြုံအရပေါ့လေ သူ့ရဲ့ရာထူးနဲ့ သူက ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်ကနေ ပြောဆိုတဲ့ မေးခွန်းတွေကို ဖြေနိုင် မယ်မထင်ဘူး။ သူ့အထက်ကိုတင်ပြပြီးတော့မှ ဖြေနိုင်မယ့်သဘောရှိပဲရှိပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖစစ်အစိုးရတို့အကြား ဆက်သွယ်ဆောင်ရွက်ရန် အလုပ်သမား
ဒု-၀န်ကြီး ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးအဖြစ် နအဖ စစ်အစိုးရက ပြီးခဲ့သည့် အောက် တိုဘာလ (၈) ရက်တွင် ခန့်အပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့သည် အောက်တိုဘာ (၂၅) တွင်တကြိမ်၊ နိုဝင်ဘာ (၉) တွင်တကြိမ်၊ နိုဝင်ဘာ (၁၉) တွင်တကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သည်။
ယခုအကြိမ်အပါအ၀င် ၎င်းတို့ နှစ်ဦးကြား တွေ့ဆုံခြင်းသည် လေးကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပြီး ဆွေးနွေးသည့် အကြောင်းအရာနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်ကိုမူ မသိရှိရပေ။

No comments: