Saturday, November 24, 2007

မြန်မာကို ပြစ်တင်ရှုတ်ချသည့်ဆုံးဖြတ်ချက် ကုလသမဂ္ဂ၌ မဲခွဲဆုံးဖြတ်

ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား မြန်မာစစ်အစိုးရက အကြမ်းဖက်ဖြိုခွဲမှုကို ကုလသမဂ္ဂ အထွေထွေ ညီလာခံလာ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် နိုင်ငံသား အကျဉ်းသားများကို ချက်ချင်း လွှတ်ပေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်မှုကြမ်းကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူတို့ဘက်က အနိုင်ရသည်။

မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်ကို စနစ်တကျဖောက်ဖျက် ကျူးလွန်နေမှုနှင့် တရား လက်လွတ် ဖမ်းဆီးနေမှုတို့ကို စိုးရိမ်ပူပန်မိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသား များကို ခြွင်းချက်မရှိအမြန်ဆုံး လွှတ်ပေးရန်၊ မစ္စတာဂမ်ဘာရီကို တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ၊ ကျောင်းသားခေါင်းဆောင်များ၊ ဆန္ဒပြရဟန်းများနှင့် တွေ့ခွင့်ပြုလုပ်ရန်တို့ကို ဆုံးဖြတ်ချက်မူကြမ်း၌ တောင်းဆို ထားသည်၊

လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်စတဲ့ သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေအညီ လုပ်ဆောင်ကြတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်နိမ်နင်းတာကို ပြင်းပြင်း ထန် ထန် ရှုတ်ချပါတယ် ဟု ဆုံးဖြတ်ချက်ချက်၌ ပါရှိသည်။

ထိုဆုံးဖြတ်ချက်ကို အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်နှင့် ဥရောပနိုင်ငံများက ထောက်ခံ ပြီး တရုတ်၊ ရုရှ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ကျူးဘား၊ ဗင်နီဇွဲလား၊ မလေးရှား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့က ကန့်ကွက်၍ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် ဘရှုနိုင်းတို့ကကြားနေကြသည်။ ကုလသမဂ္ဂ မြန်မာသံ အမတ်ကြီး ဦးကျော်တင့်ဆွေက ယင်းဆုံးဖြတ်ချက်မူကြမ်းကို လုပ်ထုံးလုပ်နည်းအရရော၊ အနှစ်သာရအရပါ ကန့်ကွက်ကြောင်း၊ ယင်းကိစ္စကို ကိုင်တွယ်ရန်လိုအပ်ပါက အစဉ်အလာအရ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၌ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်းပြောကြားသည်။

ယခုဆုံးဖြတ်ချက်မူကြမ်းအတည်ပြုရန် ရှေ့လတွင်ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ထောက်ခံချက်ယူရမည် ဖြစ်သည်။ အထွေထွေညီလာခံက ဆုံးဖြတ်ချက်ချမှတ်လိုက်ပါက ယင်းဆုံးဖြတ်ချက် သည် မလိုက်နာမနေရ ဆုံးဖြတ်ချက်မျိုးမဟုတ်သော်လည်း ကမ္ဘာ၏သဘောထားကို ထင်ဟပ်စေမည် ဖြစ်သည်။

No comments: